စူးစမ်းလေ့လာ သွားချင်စရာ (၆)
ပင်လယ်နှင့် ပင်လယ်အော်တို့ဆုံစည်းရာ - မော်တင်စွန်း (Maw Tin Soon)
မြန်မာပြည် ဘုရားဖူးခရီးစဉ်များတွင် ထင်ရှားသော ခရီးစဉ်တစ်ခုမှာ
မော်တင်စွန်းဘုရားဖူးခရီးစဉ်ဖြစ်ပြီး ဘုရားဖူးရင်း ကမ်းခြေတွင် ရေလည်းကူး
ရသော ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်ပါသည်။ မော်တင်စွန်းဘုရားဖူး
ခရီးစဉ်သည် ရှေးဟောင်း တန်ခိုးကြီးစေတီကို ဖူးမျှော်ရခြင်း၊ နတ်၊
နဂါးယုံကြည်သူများအတွက် နဂါးစာကျွေး ဆုတောင်းနိုင်ခြင်း နှင့်
ပင်လယ်ကမ်းခြေတွင် ရေကစားနိုင်ခြင်း တို့ကြောင့် ကုသိုလ်လည်းရ
ပျော်လည်းပျော်ရသော ခရီးစဉ်ကောင်းတစ်ခုဖြစ်ပါသည်။ ဘုရားပွဲတော် ကာလတွင်
အဆိုတော် သန်းထွန်းလေး၏ ကျွန်တော့်မမပုသိမ်သူ သီချင်းနားထောင်၍
နှစ်ထပ်သင်္ဘောများစီးပြီး ဘုရားဖူးသွားရခြင်းသည်ပင်
အခြားခရီးစဉ်များနှင့်မတူသော ထူးခြားစိတ်လှုပ်ရှားစရာ ခရီးစဉ်
တစ်ခုဖြစ်ပါသည်။
မော်တင်စွန်းအငူသည် ကပ္ပလီပင်လယ် နှင့်
ဘင်္ဂလားပင်လယ်အော် ထိစပ်နေသော နေရာဖြစ်ပြီး မြန်မာနိုင်ငံ အနောက်တောင်
အစွန်း၊ ဧရာဝတီတိုင်း၊ ငပုတော မြို့နယ်တွင်တည်ရှိပါသည်။ မော်တင်အငူ ကို
အစွဲပြု ၍ မော်တင်စွန်း ဟုခေါ်ဆိုခြင်းဖြစ်ပြီး မော်တင်စွန်းဘုရား (သို့)
Cape Negaris ဟုလည်း ခေါ်ဆိုကြပါသည်။ မော်တင်စွန်းသည် ပင်လယ်နှင့်
ပင်လယ်အော်ထိစပ်ရာဖြစ်ပြီး အရေးပါသော ရေကြောင်းသွားလာရေးအမှတ်အသား နှင့်
ပထဝီ အနေအထားအချက်အချာ ကျမှုကြောင့်ထင်ရှားပါသည်။ ထို့ပြင်
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက်လည်း မော်တင်အငူပေါ်တွင်
တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်မှာ ဆံတော်စစ်ကိန်းဝပ်ဌာပနာထားရာ
ထင်ရှားသော ဘုရားဖူးခရီးစဉ် တစ်ခု ဖြစ်လျက်ရှိပါသည်။
ဗုဒ္ဓဘာသာ၀င်
မြန်မာလူမျိုးများက မြတ်မော်တင်စွန်းဘုရားဟု ခေါ်ဆိုသော စေတီမှာ
အလွန်ရှေးကျသော စေတီဖြစ်ပြီး ရန်ကုန်မြို့မှ ရွှေတိဂုံဘုရား
သမိုင်းနှင့်လည်း ဆက်စပ်လျက် ရှိပါသည်။ မြန်မာများသည် ထိုစေတီနှစ်ဆူကို
လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်ကတည်းက တစ်ချိန်တည်း
တည်ထားကိုးကွယ်ခဲ့သည်ဟု ယုံကြည်လျက်ရှိပြီး ကုန်သည်ညီနောင် နှစ်ဦးမှ
ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ခဲ့ရာဟုလည်း ယုံကြည်ကြပါသည်။ ဘုရားပွဲတော်ကို
နှစ်စဉ် တပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြန်မာပြည် အနှံ့အပြားမှ
ဘုရားဖူးများ လာရောက်ဖူးမျှော်ကြပါသည်။
|
မြတ်မော်တင်စွန်းစေတီ |
|
မြတ်မော်တင်စွန်းစေတီ |
မော်တင်စွန်းရှိ ဆံတော်ရှင်
မြတ်မော်တင်စွန်းစေတီနှင့် အထင်မှားတတ်သော စေတီတစ်ဆူ မှာ ပင်လယ်ထဲသို့
ထိုးထွက်နေသော ကျောက်ဆောင်များပေါ်တွင်တည်ထားသော ဖောင်တော်ဆိုက် စေတီ
ဖြစ်ပြီး ဘုရားဖူးလာရောက်သူ အပေါင်းကို စွဲဆောင်မှုရှိသော
စေတီတစ်ဆူဖြစ်ပါသည်။