Saturday, October 17, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၃) လည်ပတ်စရာ ပြည်မြို့မှာ

အပိုင်း(၃) လည်ပတ်စရာ ပြည်မြို့မှာ

ရွှေဆံတော်စေတီတော်

Day 6 : ပြည်မြို့နှင့် အနီးအနားလည်ပတ်ခြင်:

             နွေရာသီကျောင်းပိတ်ရက် ခရီးစဉ်ရှည်တာမလို့ ခရီးတစ်ဝက် ပြည်မှာ ၂ ညအိပ်လောက်နားပြီး အေးအေးဆေးဆေးလည်ပတ်ဖို့ စီစဉ်ခဲ့ပါသည်။ ပြည်မြို့ဆိုတာ ရှည်လျားသော သမိုင်းများနှင့် လေ့လာ လည်ပတ်စရာတွေ ကလည်းများပါတယ်။ နောင်ရိုးမိုတယ်က မိသားစုအခန်းကို နံနက်စာအပါ ၂၅၀၀၀ ကျပ်ပါ။ စျေးလည်း သက်သာပြီး ဝန်ဆောင်မှုလည်းကောင်းပါတယ်။

 

ပြည်မြို့ဆိုတာ န၀ဝါသီ မြို့ဟောင်းပါ 

            ပြည်မြို့ကို  ပျူခေတ်၊ သရေခေတ္တရာမြို့ အဖြစ် လည်းပြောဆိုကြပါသည်။ မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန) ၏ န၀ဝါသီ (ပြည်) မြို့ဟောင်း နှင့် သရေခေတ္တရာ (ပျူ)မြို့ဟောင်း ဆောင်းပါးတွင် ပြည်မြို့သည် မဟာသက္ကရာဇ် ၁၁၅ ခုနှစ်တွင် ဝေဌဒီပတိုင်း၏ သီရိခေတ္တမင်း နှင့် မှူးမတ်များတည်ခဲ့သော မြို့ဖြစ်ကြောင်း၊ တောအုပ်ကို အသစ်ခုတ်ထွင် ရှင်းလင်းထားသောကြောင့် န၀ဝါသီမြို့ ဟုခေါ်တွင်စေခဲ့ကြောင်းရေးသားထားပါသည်။ ထို့ပြင် သီရိခေတ္တမင်း နှင့် သာကီဝင်မင်းတို့သည် အသက် ၃၅ နှစ်ရောက်လျှင် ရသေ့ရဟန်းပြုမြဲဖြစ်၍ ရသေ့ရဟန်းပြုမြို့ ဟူ၍ လည်းကောင်း၊ ပြုမြို့၊ ပျူမြို့၊ ပြေမြို့ ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြကြောင်းသိရှိရပါသည်။


ပြည်မြို့ပေါ်မှ လည်ပတ်စရာများ

           ပြည်မြို့ဆိုတာလည်း သမိုင်းကြောင်းအလွန်ရှည်လျားတဲ့မြို့ပါပဲ။ ရှည်လျားတဲ့သမိုင်းကြောင်း နှင့်အတူ သမိုင်းဝင် လည်ပတ်စရာတွေလည်းများပါတယ်။ ပြည်မြို့ပေါ်မှာ ပြည်ရွှေဆံတော် ၊ ၁၀ ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့် ဘုရားနှင့်ပြတိုက် ၊ ညစျေး၊ တပြည်သူ မရွှေထား ဇာတ်အိမ်တည်ရာ အဆောက်အဦ အပါအဝင် ရှေးဟောင်းကိုလိုနီ အဆောက်အဦများတည်ရှိရာ မင်းကြီးတောင်နှင့် တောင်ပေါ်မှ ဝန်ချတောင်ဘုရား၊ ဗေဒါရီဂူ၊ ပြည်မြို့ကို အပေါ်စီးမှ မြင်ရသော မင်းကြီးတောင် view point နှင့် ဧရာ၀တီမြစ် ကမ်းနားက River View Garden တို့ကို သွားရောက်လည်ပတ်နိုင်ပါသည်။ ကဗျာဆရာ မောင်ချောနွယ်ကတော့ ‘ပြည်’ မြို့ကို နှစ်ထပ် သင်္ဘောမြို့ ကလေး အဖြစ်တင်စားခဲ့ပါသည်။


ပြည်မြို့အနီးအနားသွားရောက်လည်ပတ်သင့်သောနေရာများ

          ပြည်မြို့အနီးအနား တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းအပါအဝင် အောက်ပါသမိုင်းဝင် နေရာ များ လည်း တည်ရှိနေပါသည်-
၁။ သရေခေတ္တရာ ပျူရှေးဟောင်းမြို့တော်
၂။ သုံးပန်လှကျောင်း နှင့် လက်သည်းကန်
၃။ ပြည်-အကောက်တောင်
၄။ ပြည်တဘက်ကမ်းက ရွှေဘုန်းပွင့်စေတီ
၅။ ပြည်မြို့ တဘက်ကမ်း ဖိုးဦးတောင် စေတီ


ပြည်မြို့တွင်သွားရောက်လည်ပတ် ခဲ့သောနေရာများ

          ပြည်မြို့မှာ လည်ပတ်စရာတွေ များတော့ ၂ ရက်နှင့်တောင် မလောက်ပါဘူး။ ပြည်-အကောက်တောင် ၊ သရေခေတ္တရာပျူမြို့ဟောင်း ၊ ရွှေဆံတော်ဘုရား၊ ရွှေဘုန်းပွင့် ဘုရား နှင့် ညစျေး တို့ကို ပဲ သွားရောက်လည်ပတ် ခဲ့ရပြီး မိမိ လေ့လာခဲ့သည်များကို ပြန်လည် မျှဝေပေးလိုက်ရပါသည်။


အကောက်တောင်ပေါ်မှ ဗုဒ္ဓရုပ်ပွားတော်များ

           ပြည်မြို့မှာ ပထမဆုံးအနေနှင့် ဧရာ၀တီမြစ် အနောက်ဘက်ကမ်းက အကောက်တောင်နံရံတွင် ထွင်းထု ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များကို သွားရောက်ဖူးမျှော် လေ့လာခဲ့ပါသည်။ တကယ်တော့ အကောက်တောင် သည် ပြည်မြို့နယ်ထဲမှာရှိတာမဟုတ်ပဲ ကြံခင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲမှာရှိတာပါ။ ရှေးမြန်မာဘုရင်များ လက်ထက် အကောက်ဆိပ်ဖွင့်လှစ်ခဲ့တာကြောင့် အကောက်တောင် ဟုအမည်တွင် ခဲ့တယ် လို့လည်း ဆိုပါတယ်။

              ရုပ်ပွားတော်များ လက်ရာဟာ ကုန်းဘောင်ခေတ် နှင့် အင်း၀ ခေတ်လက်ရာများဖြစ်တဲ့အတွက် အေဒီ ၁၇ ရာစု လောက်လို့ခန့်မှန်းကြတာ လည်းရှိပါသည်။ ဧရာ၀တီမြစ် အတိုင်း ကုန်ကူးသန်းရောင်ဝယ်ရေးအတွက် ခရီးသွားရင် တစ်ထောက်နားစဉ် မတ်စောက်သော ကျောက်သားနံရံတွင် ဗုဒ္ဓရုပ်ပွားတော်များထွင်းထု ပူဇော်ခဲ့ကြတာဖြစ်ပါတယ်။ ယခင်က  ဗုဒ္ဓရုပ်ပွားတော် တစ်ထောင်ခန့်ရှိသော်လည်း ယခုအခါ ထိုင်တော်မူဆင်းတု ၂၄၆ ဆူ၊ ရပ်တော်မူဆင်းတု ၁ဝ၉ ဆူနှင့် လျောင်းတော်မူဆင်းတု ၁၅ ဆူခန့်သာရှိတော့ပြီး စုစုပေါင်း ဗုဒ္ဓဆင်းတုတော်ပေါင်း ၃၇ဝ သာ ကျန်ရှိပါတော့တယ်။ အကောက်တောင်ပေါ်တွင် ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းတင်စေတီကိုလည်း ဖူးမျှော်နိုင်ပါသည်။

            အကောက်တောင်ကို သွားမယ်ဆို ပြည် န၀ဒေး တံတားကို ဖြတ်ပြီး ပန်းတောင်း-တောင်ကုတ် လမ်းအတိုင်း ဥသျစ်ပင် လမ်းဆုံရောက်ရင် ပုသိမ်-မုံရွာလမ်းအတိုင်း  ဘယ်ဘက်ကို ချိုးရမှာပါ။ ပုသိမ်-မုံရွာလမ်းက နေ ထုံးဘိုကို ၁ မိုင် ၄ ဖာလုံ ထပ်ဝင်ရပါတယ်။ ပြည်ကနေ ထုံးဘိုကို 69 km ခန့်ရှိပြီး တစ်နာရီ ခွဲလောက်သွားရပါတယ်။ ထုံးဘိုဆိုတာ အာဇာနည်ခေါင်းဆောင် သခင်မြ ရဲ့ ဇာတိလည်းဖြစ်ပါတယ်။

            ထုံးဘိုလှေဆိပ်ကနေ ဧရာ၀တီမြစ်အတွင်း လှေစီးပြီး ရှေးဟောင်း ရုပ်ပွားတော်များစွာကို ဖူးမျှော်ရင်း ဧရာ၀တီမြစ်ရဲ့ ရှုခင်းကိုလည်း ခံစားနိုင်ပါတယ်။

           အကောက်တောင်အကြောင်းဆောင်းပါးအပြည့်အစုံဖတ်ရှုလိုပါက အောက်ပါ Link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်-

https://www.facebook.com/newautumntravels/posts/2668184736833116?__tn__=K-R

အကောက်တောင် ‌ကျောက်သားနံရံမှ ဗုဒ္ဓရုပ်ပွားတော်များ

အကောက်တောင် ‌ကျောက်သားနံရံမှ ဗုဒ္ဓရုပ်ပွားတော်များ

အကောက်တောင်ပေါ်ရှိရွှေမြင်းတင်စေတီတော်

မိသားစု ဘုရားဖူး အမှတ်တရ

သရေခေတ္တရာ ပျူရှေးဟောင်းမြို့တော်

ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်း

          ပြည်မြို့မှအရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ပထမဆုံးသော ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်တစ်ခုဖြစ်ပါသည်။မြန်မာနိုင်ငံရှိအေဒီတစ်ရာစုမှကိုးရာစု အကြား၌ ထွန်းကားခဲ့သော ပျူမြို့ဟောင်းများတွင် ရှေးဟောင်း အဆောက်အဦး နှင့် အထောက်အထား အများဆုံးကျန်ရှိနေသော မြို့ဟောင်းဖြစ်သဖြင့်သွားရောက် လေ့လာသင့်လှပါသည်။ သရေခေတ္တရာသည် ခရစ်တော်မပေါ်မီ နှစ်ရာစုနှောင်းတွင် တည်ဆောက်ခဲ့သည်ဟု သမိုင်းပညာရှင်ဒေါက်တာ သန်းထွန်းက ဆိုခဲ့ပါသည်။ မြန်မာတို့၏ နှုတ်ပြောစကား သမိုင်းတွင် သရေခေတ္တရာ ဘုရင် ဒွတ္တဘောင်မင်း နှင့် ဗိဿနိုး ပန်ထွာဘုရင်မ တို့ကို ဆက်စပ်၍သိကြပါသည်။ သရေခေတ္တရာ တွင် ပျူယဉ်ကျေးမှု၊ ပျူသမိုင်းများ အခိုင်အမာ တည်ရှိနေပါသဖြင့် စိတ်ဝင်စားသူများ အချိန်ယူ အသေးစိတ်လေ့လာနိုင်ပါသည်။

သရေခေတ္တရာပြတိုက်

          သရေခေတ္တရာမှာ ပထမဆုံးသွားရောက်လေ့လာသင့်တာကတော့ ပြတိုက်ပါ။ ပြတိုက်ကို တနင်္လာနေ့ နှင့် အစိုးရရုံးပိတ်ရက်များမှ အပ ကျန်ရက်များတွင် မနက် ၀၉၃၀ မှ ညနေ ၁၆၃၀ ထိ ဖွင့်လှစ်ထားပါသည်။ ပြတိုက်တွင် ပြခန်း (၃)ခုရှိပြီး ပျူစာပါ ကျောက်အရိုးအိုးများ၊ အုတ်ခွက်ဘုရားများ နှင့် အခြား ပျူလက်ရာများစွာကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြသထားပါသည်။

ပြတိုက်ရှေ့ ကျောက်အရိုးအိုး

သရေခေတ္တရာပျူမြို့ဟောင်းတွင် သွားရောက်လေ့လာသင့်သည့်နေရာများ

၁။       ပျူခေတ်ကတည်ခဲ့သော တြိဂံပုံ စေတီလုံး (၃) ဆူ ဖြစ်သည့်
          (က) ဘောဘောကြီးစေတီ
          (ခ) ဘုရားကြီးစေတီ
          (ဂ) ဘုရားမာစေတီ
၂။       ထင်ရှားသော ဂူဘုရား (၆)ဆူ
          (က) ဘဲဘဲဂူဘုရား
          (ခ) လေးမျက်နှာဂူဘုရား
          (ဂ) ရဟန္တာ ဂူဘုရား နှင့် ရဟန္တာကန်
          (ဃ) ဘုရားထောင်ဂူဘုရား
          (င ) အရှေ့စျေးဂူဘုရား
          (စ ) အနောက်စျေးဂူဘုရား
၃။      နဂါးတွန့်ပေါက်အပါအဝင် မြို့ဝင်ပေါက်များ
          သရေခေတ္တရာ ပျူရှေးဟောင်းမြို့ဟောင်း အကြောင်းဆောင်းပါးအပြည့်အစုံဖတ်ရှုလိုပါက အောက်ပါ Link တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်-
https://www.facebook.com/newautumntravels/posts/2675868559398067?__tn__=K-R

ဘောဘောကြီးစေတီတော်


ဘုရားမာ စေတီ

ဘုရားကြီးစေတီ

လေးမျက်နှာဂူဘုရား

ဘဲဘဲဂူဘုရား အတွင်းမှ
သာ၀က နှစ်ပါးက ဘုရားရှင်ကို ရှိခိုးနေဟန် ထုလုပ်ထားသော သဲကျောက်ရုပ်ကြွ

ခင်ဘကုန်းရွှေပေလွှ‌ာ နှင့် ဗောဓိပလင်ကြုတ်

ရဟန္တာ ရေကန်

ပြည်တော်ပြန် ပျူ ကချေသည် ‌ကြေးရုပ်မျာ:

နဂါးတွန့်ပေါက်

ပျူလူမျိုးတို့၏ ထင်ရှားသော ဓလေ့ထုံးတမ်းဆိုင်ရာ အရိုးအိုးမြုပ်နှံသည့် အဆောက်အဦ


ပြည်မြို့က ထီးတော်နှစ်ဆင့် ရွှေဆံတော်ဘုရား

            ရွှေဆံတော်ဘုရားသည် မြက်စွာဘုရား၏ ဆံတော် ၄ ဆူ ဌာပနာထားပြီး ပြည်မြို့၏ကျက်သရေဆောင် စေတီတော်ဖြစ်ပါသည်။ ပြည်ရွှေဆံတော်ဘုရားပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈) ရက်မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ကျင်းပပါသည်။ ဘိုးဘိုးအောင် တရားကျင့် ထွက်ရာပေါက်ခဲ့သည်လို့လည်း ဆိုကြပါသည်။ ဘိုးဘိုးအောင်ဓါတ်နန်းကို အောက်ရင်ပြင်တွင် တွေ့ရှိနိုင်ပါသည်။

          သက္ကရာဇ် ၇၆၇-ခုနှစ် အင်းဝခေတ်တွင် ရွှေဆံတော်စေတီတော်ရင်ပြင်တော်ပေါ်၌ အင်းဝ ဘုရင် မင်းခေါင် နှင့် မွန်ဘုရင် ရာဇာဓိရာဇ်တို့ သစ္စာပြု၍ ငြိမ်းချမ်းရေး ရယူခဲ့ကြပါသည်။ 
          ရွှေဆံတော်စေတီ၏ ထူးခြားချက်တစ်ခုမှာ ထီးတော်နှစ်ဆင့်ဖြစ်နေခြင်းဖြစ်ပါသည်။ သက္ကရာဇ် ၁၁၁၆ -ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၂)ရက်နေ့တွင် အလောင်းမင်းတရား ကြီးသည် ပြည်မြို့ကို မွန်တို့လက်ဝယ်မှ သိမ်းပိုက်ခဲ့ပြီးနောက် ထီးတော်တင်ရာတွင် မူလထီးတော်အား မဖယ်ရှားဘဲ ထီးတော်ကို ဆင့်၍ တင်လှူခဲ့ခြင်းကြောင့် ထီးတော် နှစ်ထပ်အားဖူးမျှော်ရခြင်းဖြစ်ပါသည်။ 
         ရွှေဆံတော်ဘုရားမှာ ရှိတဲ့ ပြတိုက်ဟာလည်း မဖြစ်မနေ သွားရောက်လေ့လာသင့်သော နေရာဖြစ်ပါတယ်။
ပြည်ရွှေဆံတော်စေတီတော်

ဒွတ္တဘောင်မင်းတည်ထားခဲ့သော ပြည်ရွှေဆံတော် စေတီပုံတော်

ရွှေဆံတော်ဘုရားမှ ခေါင်းလောင်းများ နှင့် ကျောက်စာများ

           ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ခေတ်အဆက်ဆက် လှူဒါန်းခဲ့သော ခေါင်းလောင်းများ နှင့်ကျောက်စာများအကြောင်းကိုလည်း ပြောပြချင်ပါသည်။ ခေါင်းလောင်းစုစုပေါင်း ၆၂ လုံးရှိပါသည်။ ၆၂ လုံးအနက် ခေါင်းလောင်း ၆၀ တွင် စာများရေးထိုးထားပါသည်။ ထင်ရှားသော ခေါင်းလောင်းနှစ်လုံးမှာ ဘိလပ်ပြန် ခေါင်းလောင်းနှင့် ဒွတ္တပေါင်မင်း ခေါင်းလောင်း တို့ဖြစ်ကြသည်။ ဒွတ္တပေါင်မင်း ခေါင်းလောင်းသည် မြန်မာသက္ကရာဇ် ၉၉၄ ခုနှစ် (ခရစ်နှစ် ၁၆၃၂ ခုနှစ်)၊ ဒုတိယ အင်းဝခေတ် ညောင်ရမ်းမင်းဆက်ဖြစ်သော သာလွန်မင်းလက်ထက်တွင် ပြန်လည်သွန်းလုပ် လှူဒါန်း ခဲ့သော ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်းတွင် ညောင်ရမ်းခေတ် စာအရေးအသားဖြင့် ဒွတ္တပေါင် မင်းကြီး နှင့် နဂါးသမီး မိဖုရားစောစရီတို့မှ ရွှေဆံတော်တွင် လှူဒါန်းခဲ့သော ခေါင်းလောင်းဖြစ်ကြောင်း၊ ထိုခေါင်းလောင်း အား မြန်မာသက္ကရာဇ် ၉၉၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၂ ရက် (စနေနေ့)တွင် အရှင်သူမြတ်သည် အင်းဝ၊ အကြေ၊ အညာတို့မှ ဒါယကာ၊ ဒါယိကာမတို့ထံမှ အလှူခံ၍ ခေါင်းလောင်းအား ထပ်မံပြန်လည်ပြုပြင်၍ ခေါင်းလောင်းစာကို ရေးထွင်းသည်ဟု ရေးသားထားပါသည်။
           ရွှေဆံတော်စေတီရင်ပြင် တနင်္ဂနွေထောင့် အလယ် အလယ်ပစ္စယံ တွင် ကျန်စစ်သားမင်း မွန်ဘာသာဖြင့် သူ၏ဘ၀ဖြစ်စဉ်ကို ရေးထိုးခဲ့သော ကျောက်စာတစ်ချပ်ရှိပြီး ရွှေဆံတော် စေတီတွင် စုစုပေါင်း ကျောက်စာ ၄ ချပ်ရှိပါသည်။

ဒွတ္တဘောင်မင်းကြီးခေါင်းလောင်း


ဘိလပ်ပြန်ခေါင်းလောင်း

ရွေးချယ်မိခဲ့သော စားသောက်ဆိုင်

          ညစာကို ဟိုတယ်နားက Valley Restaurent မှာ စားဖြစ်ပါသည်။ အစားအသောက်ကောင်းပြီး စျေးလည်း ချိုပါသည်။ ဆိုင်အပြင် အဆင်ကောင်းပြီး ကျယ်ဝန်းသော မျက်ခင်းပြင်မှာ စားလို့ရပါသည်။

Valley Restaurent


Day 7 ပြည်-တောင်ကုတ်-ငပလီ

           ဒီနေ့ သံတွဲ ငပလီကို ခရီးဆက်ကြရမှာပါ။ လမ်းမှာ န၀ဒေး တံတား အကျော် ညာဘက် ရွှေဘုံသာကျေးရွာနားက သမိုင်းဝင် ရွှေဘုံသာမုနိ စေတီတော်ကို ဝင်ရောက်ဖူးမျှော် ခဲ့ကြ ပါသည်။


ရွှေဘုံသာမုနိစေတီတော်

            ပြည်မြို့ တစ်ဘက်ကမ်း ဧရာ၀တီမြစ်၏ အနောက်ဘက်တွင် ရွှေဘုံသာမုနိ စေတီ တည်ရှိပါသည်။ ရွှေဘုံသာမုနိ စေတီသည်  မြန်မာနိုင်ငံတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် ရင်ငွေ့လုံ သွမ်းလုပ်ခဲ့သော မုနိ ရုပ်ပွားတော် ၄ ဆူရှိသည့်အနက် တစ်ဆူဖြစ်ပါသည်။ မနလေး မဟာမြတ်မုနိ ၊ ကျောက်တော် ရှင်ကျော်မုနိ ၊ ပြည်မြို့ရှိ ရွှေဘုံသာ မုနိ နှင့် ဇလွန် ပြည်တော်ပြန် မာန်အောင်မုနိ ရုပ်ပွားတော်များပဲဖြစ်ပါတယ်။ ယခုအခါ ရွှေဘုံသာ မုနိ ရုပ်ပွားတော်သည် စေတီ၏ ဌာပနာ တိုက်အတွင်း ကိန်းဝပ်စံပယ်လျက်ရှိပါသည်။

ရွှေဘုံသာမုနိ စေတီတော်

ရွှေဘုံသာမုနိ ပုံစံတူ ရုပ်ပွားတော်

          ဇလွန်ပြည်တော်ပြန်ဘုရားနှင့် မုနိလေးဆူ အကြောင်း ဆောင်းပါးအား ဖတ်ရှုလိုပါက အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်-
https://www.facebook.com/newautumntravels/posts/2169916736659921?__tn__=K-R

 

ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

            ရွှေဘုံသာမုနိ ဘုရားဖူးပြီးပြန်ထွက်လာတော့ န၀ဒေးတံတားအရောက်မှာ ညာကွေ့ပြီး ပြည်-တောင်ကုတ် ကားလမ်း အတိုင်း မောင်းလာရာ မကြာမီ ရခိုင်ရိုးမကို လှမ်းမြင်နေရပြီဖြစ်ပါသည်။ ကဗျာဆရာ မောင်ချောနွယ်

ရဲ့ ပြည် ကဗျာ လေးဖြင့်ပင် နှစ်ထပ်သင်္ဘောမြို့လေးကို နှုတ်ဆက်လိုက်ရပါသည် -

-ပြည်-

လဝန်းထဲ

ပွဲကြည့်လှေကလေး လှော်ခတ်ဝင်သွား

လမ်းရွေးမှားသူ မြစ်

နှစ်ထပ်သင်္ဘော မြို့ကလေးပေါ် နားခဲ့ပေါ့ ။

 

ဆက်လက်ဖော်ပြပါမည်-

ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။

အောင်သူ(စူးစမ်းလေ့လာ သွားချင်စရာ)

အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

https://attractiveforexpeditionarytrips.blogspot.com/

https://www.newautumntours.com

https://www.papawadyresort.com/

 

Reference
https://myanmar.mmtimes.com/national-news/national-news-brief/24926-2017-02-27-12-11-56.html

https://yangonlife.com.mm/mm/article/60351

http://www.moculture.gov.mm/?page_id=1292

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန) ၏ ဒွတ္တပေါင်မင်းကြီး၏ ခေါင်းလောင်း ဆောင်းပါး

သရေခေတ္တရာ မှသည် ပုဂံသို့ ( မောင်သာ - ရှေးဟောင်းသုတေသန)

မြန်မာရာဇဝင်မှတ်စုပေါင်းချုပ်(လှသမိန်)

ပျူတွေဘယ်ပျောက်သွားသလဲ ( ဒေါက်တာ သန်းထွန်း)

ပျူမြို့ဟောင်းများ ( ယဉ်ကျေးမှုဝန်ကြီးဌာန)

ရှေးဟောင်မြန်မာမြို့တော်များ ( ဦးစိန်မောင်ဦး)

အမျိုးသာပြတိုက်(ရန်ကုန်) Website

မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများ (..၂၀၁၆ ၂၃..၂၀၁၉ ၊၂၆..၂၀၂၀ ၂၄.၁၀.၂၀၁၇ ၁၇..၂၀၁၅)







No comments:

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts