Thursday, April 30, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၇)၊ အပိုင်း(၁) ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် ခရီးစဉ်


စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိသာနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်
အပိုင်း(၁)


         ခရီးသွားခြင်းသည် ကလေးများအတွက် အကောင်းဆုံးပညာရေး ဖြစ်သည်လို့ ဖတ်ဖူးထားပါသည်။ ထို့ကြောင့် သားနှစ်ယောက် အပန်းလည်းပြေ ၊ အသိကြွယ်စေရန် ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ကျောင်းအားလပ်ရက်တိုင်း ခရီးထွက်ဖြစ်ပါသည်။ ကျောင်းပိတ်ရက်ပေါ်မူတည်ပြီး နေ့ချင်းပြန်၊ တစ်ညအိပ် ထွက်သလို တခါတရံ  ခရီးရှည်လည်းထွက်ပါသည်။  ခရီးထွက်တိုင်းလည်း အလုပ်ကိစဖြင့်တွဲပြီး သွားတတ်သလို  စရိတ်လည်းသက်သာ၊ ကိုယ်ဝင်ချင်တဲ့နေရာတွေလည်း စုံအောင် အိမ်ကကား ဖြင့်ထွက်တာများပါသည်။ ဒီနှစ်တော့ Covid 19 ဖြစ်နေတာနှင့် မထွက်ဖြစ်သေးပါ။ ပြီးခဲ့တဲ့နှစ် ခရီးထွက်ခဲ့တာ လေးကို ပဲ အလွမ်းပြေ Review ရေးသားတင်ပြလိုက်ရပါတယ်။

Day 1 ရန်ကုန် - တောင်ငူ - နေပြည်တော်
            နေပြည်တော်တွင် အလုပ်ကိစ ဖြင့်  ညအိပ်ရမည်ဖြစ်သဖြင့် တောင်ငူမြို့အား ဝင်ရောက်လည်ပတ်မည်ဟု ဆုံးဖြတ်ပြီး လည်ပတ်စရာများကို ကြိုတင်ရှာဖွေ စုဆောင်းခဲ့ပါသည်။ ရန်ကုန်ကနေ မနက် ၀၈၀၀ လောက်ထွက်ဖြစ်ပြီး တောင်ငူမြို့သို့ ၁၁၃၀ လောက်ရောက်ပါသည်။ အမြန်လမ်းမှ လမ်းခွဲပြီးသည်နှင့် တောင်ငူမြို့သို့မသွားခင် တောင်ငူကြီးမြို့ဟောင်းသို့ အရင်ဝင်လည်ပါသည်။ ထို့နောက် တောင်ငူမြို့သို့ ဆက်လက်ထွက်ခွာပါသည်။ တောင်ငူမြို့ သည်လည်း ရှေးဟောင်းမြို့ဖြစ်ပြီး ဒုတိယမြန်မာနိုင်ငံတော် အစတည်ခဲ့ရာဖြစ်သဖြင့်  လည်ပတ်စရာ များပါသည်။
            တောင်ငူမြို့တွင် သွားရောက်လည်ပတ်ခဲ့သော နေရာများကတော့
            (က) တောင်ငူကြီးမြို့ဟောင်း ၊ စည်းခုံကြီးစေတီတော် နှင့် မြတ်နိန္ဒစေတီတော်
            (ခ ) ကေတုမတီ တောင်ငူ မြို့ရိုးနှင့် ကျုံး
            (ဂ ) ဗြနရာဇ် နှင့် တောင်ငူယိုးဒယားပေါက်
            (ဃ) ကန်တော်ကြီး
       (င ) ရှေးဟောင်းသမိုင်းဝင်စေတီများဖြစ်သည့် စည်းခုံကြီးစေတီတော်၊ မြတ်နိန္ဒစေတီတော်၊ သမိုင်း ဝင် ရွှေဆံတော် ဘုရား၊ မြစည်းခုံဘုရား၊ မဟာမုနိကေလဇာတီဘုရားကြီး၊ ကောင်းမှုတော်စေတီ ၊ ရွှေဂူကြီးစေတီတော် နှင့် မြတ်စောညီနောင် စေတီတို့ပဲဖြစ်ပါသည်။
တောင်ငူကြီးမြို့ဟောင်း ရှိ စည်းခုံကြီးစေတီတော်
တောင်ငူကြီးမြို့ဟောင်း ရှိ မြတ်နိန္ဒစေတီတော်
          တောင်ငူမြို့အကြောင်းဆောင်းပါးအား အောက်ပါ Link ကို နှိပ်၍ အသေးစိတ်ဖတ်ရှု နိုင်ပါသည်။
           နေ့လယ်စာကို ကန်တော်ကြီးမြောက်ဘက် ဗိုလ်မှူးဖိုးကွန်လမ်းရှိ လိုက်မြန်မာထမင်းဆိုင် တွင် သုံး ဆောင်ဖြစ် ပါသည်။
ဆိုင်ဝင်းကျယ် ၊ သန့်ရှင်းပြီး စျေးလည်းသင့်၊ အရသာလည်း ကောင်းပါသည်။  တောင်ငူမှ ညနေ ၄ နာရီခန့်တွင် ထွက်ခဲ့ပြီး နေပြည်တော်သို့ ညနေ ၆ နာရီ ခန့်တွင်ရောက်ရှိခဲ့ပါသည်။ နေပြည်တော် Toll Gate နားရှိ Rose Land Apartment Hotel တွင် ၂ ည ခန့် အိပ်ခဲ့ပါသည်။ ကျွန်တော်တို့ တည်းခိုတုန်းက တော့ Discount ချနေလို့ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်း၊  ဧည့်ခန်းကျယ်၊ မီးဖိုချောင်၊ ထမင်းစားခန်းပါသော Apartment Type တစ်ခန်းကို မှ တစ်ည ၄၀၀၀၀ ကျပ်နှင့် တည်းခဲ့ရပါသည်။

Day 2 နေပြည်တော်
            နေပြည်တော်မှာတော့ အလုပ်ကိစတစ်ဖက်ဖြစ်နေ၍ ဘယ်မှ မလည်ဖြစ်ခဲ့ပါ။ ကလေးများ အတွက်ကတော့ ဟိုတယ်မှာပဲ ဘောလုံးကန် ရေကူး အချိန်ကုန်ခဲ့ရပါသည်။
Rose Land Apartment Hotel
Day 3 နေပြည်တော် - မကွေး
            နေ့လယ် ၃ နာရီလောက်မှ နေပြည်တော်က ထွက်ဖြစ်ပါသည်။ ကန်ပြား၊ ချောင်းနက် လမ်းဆုံတွင် ကန်ပြားဘက်အတိုင်း နေပြည်တော် - မကွေး ရိုးမဖြတ်လမ်းကနေ သွားရပါသည်။ ရိုးမ ဖြတ်လမ်း ၅ ခုတွင် အပေါ်ဆုံးဖြတ်လမ်းဖြစ်ပါသည်။ လမ်းကောင်းပါသည်။ ချောင်းနက် လမ်းလောက် အကွေ့အကောက်မများပါ။ မကွေးကို ည ၇ နာရီလောက်မှ ရောက်ပါသည်။ မကွေးတွင် ပသာဒ ဟိုတယ်တွင်  တည်းဖြစ်ပါသည်။ ပသာဒဟိုတယ် ၁ နှင့် ၂ နှစ်ခုရှိပြီး ၁ က စျေးသင့်ပါသည်။ မိသားစုခန်း အခန်းကျယ် တစ်ခန်းကို ၃၀၀၀၀ ပါ။ မကွေးမြသလွန်ဘုရားကို ညစာ စားပြီးသွားရောက်ဖူးမျှော်ကြပါသည်။

နေပြည်တော် - မကွေး နယ်နိမိတ်
မကွေးမြသလွန်စေတီ

Day 4 မကွေး - မင်းဘူး - ငဖဲ -ရွှေစက်တော်
            ဟိုတယ်မှာ နံနက်စာ စားပြီးနောက် ခရီးဆက်မထွက်ခင် မြသလွန်ဘုရားကို နောက်တစ်ကြိမ် သွားရောက် ဖူးမျှော်ကြပါသည်။ မနက်ခင်း ဧရာ၀တီမြစ် ရှုခင်းကို ကြည့်ချင်လို့ပါ။ သောင်တွေထွန်းနေတာကို တွေ့ရတော့ ဧရာ၀တီ ကို ၁၂ ရာသီ အားမာန် အပြည့်ဖြင့် စီးဆင်းစေချင် မိပါသည်။ မင်းဘူးက တစ်ဖက်ကမ်းတင်ပါ။ လွန်ခဲ့သော ၂၅ နှစ် ၁၉၉၅ ခုနှစ်က မကွေးကနေ မင်းဘူးကို ဇက်ဖြင့် ကူး၍သွားခဲ့ ဖူးပါသည်။ ယခုတော့ ဧရာ၀တီတံတား - မကွေး တည်ဆောက်ထားပြီ ဖြစ်သဖြင့် မိနစ်ပိုင်းဖြင့် ရောက်နိုင်ပြီဖြစ်ပါသည်။ မင်းဘူးတွင် နဂါးပွက်အိုင်၊ ရှင်ပင်စကိန်းတဲ ဘုရားများကို ဖူးခဲ့ပါသည်။ မျက်နှာချင်းဆိုင်တွင် တည်ရှိသော မကွေးမြသလွန်ဘုရား ကိုလည်း လှမ်းမျှော်ဖူးနိုင်ပါသည်။

ဧရာ၀တီမြစ်
မကွေးမြသလွန်စေတီ
ဧရာ၀တီမြစ်
ဧရာ၀တီမြစ်
            ရွှေစက်တော် နှင့် ၅ မိုင်သာဝေးသည့် စိတ်ဝင်စားစရာတွေရှိတဲ့ ရှေးဟောင်း ငဖဲမြိုလေးကိုလည်း လမ်းကြုံ ဝင်ရောက် လည်ပတ်ခဲ့ပါသည်။ ငဖဲမြို့လေးဆိုတာက ရှေးပုဂံခေတ်က တည်းခဲ့တဲ့  နယ်စပ်မြို့လေး၊ အောင်ကျော်လ ငဖဲတည် ဟူသော အမှတ်အသားအရ သကရာဇ် ၄၂၁ ခုနှစ်တွင် တည်ခဲ့သည်ဟုလည်း ဆိုကြပါသည်။ ရာဇကုမာ မင်းသား ကို ကျန်စစ်သားမင်းက တောင်စဉ်ခုနှစ်ခရိုင်ကို အပိုင်စားပေးခဲ့ရာတွင် လည်း ပါ၀င်ခဲ့သည်ဟုလည်း ဆိုပြန်ပါသည်။ ကိုလိုနီခေတ်တွင် နာမည်ကျော် မျိုးချစ်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရွဲ ၏ ဇာတိမြို့၊ မန်းရွှေစက်တော်ဘုရားပွဲ ရှိ မန်းချောင်းကို ရေပေးဝေပေးနေသော ငဖဲ မန်းချောင်းဆည် တည်ရှိရာ လည်း ဖြစ်သဖြင့် သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်ပါသည်။
            ငဖဲ မြို့ ကိုသွားမယ်ဆိုရင် မင်းဘူး - အမ်း လမ်းအတိုင်း၊ ပုသိမ်-မုံရွာ လမ်းဆုံ ပဒါန်း သို့ ရောက်ပါက ရွှေစက်တော်ရှိရာ ညာဘက်သို့ မသွားဘဲ ၃ မိနစ်ခန့် တည့်တည့်ဆက်သွားပါက  ငဖဲသို့ 15 km လမ်းညွှန်ကို တွေ့ပါမည်။ အဲ့လမ်းအတိုင်းညာဘက်ကို သွားပါက ပန်းတိန် ရှေးဟောင်းမြို့၊ ထို့နောက် ငဖဲ မြို့ကိုရောက်ပါမည်။ လည်ပတ်ပြီးပါက ပဒါန်းလမ်းဆုံသို့ ပြန်လာစရာမလိုပဲ ရွှေစက်တော်သို့ မန်းချောင်း တလျှောက် ဖောက်လုပ် ထားသော ငဖဲ ရွှေစက်တော်လမ်းအတိုင်း ၁၅ မိနစ်ခန့် မောင်းခဲ့ပါသည်။ မြေသားလမ်းဖြစ်ပြီး google map တွင်မပြသော်လည်း ပွင့်လင်းရာသီတွင် ကားလေးများသွားလာနိုင်ပါသည်။ မန်းချောင်းတလျောက် ရှုခင်းများကိုလည်း ကြည့်ရှုနိုင်ပါသည်။

မကွေး-အမ်း-စစ်တွေ မှ ငဖဲ လမ်းခွဲ
ပန်းထိန်မြို့ဟောင်
ငဖဲမြို့ဟောင်း
မန်းရေလှောင်တမံ
မန်းရေလှောင်တမံ
ငဖဲမြို့တွင်း
ငဖဲမြို့-ရွှေစက်တော် လမ်းခွဲ
မန်းချောင်း
မန်းချေင်းအတွင်းမှ အပန်းဖြေ စားသောက်ဆိုင်များ
        ရွှေစက်တော်တွင် ချောင်းအဖျားပိုင်းမှာ တည်းခြင်တာနှင့် နမဒါမှာတည်းဖြစ်ပါသည်။ ချောင်းစပ် ရေချိုးခန်း အိမ်သာတွဲ လျှက် Aircon မပါ တဲကျောင်းကို တစ်ည ၇၀၀၀၀ ပါ။ ချောင်းထဲရေဆင်းကူရတာ အမော်ပြေပြီး ပျော်ဖို့ကောင်းပါသည်။ ကလေးများကတော့ အပျော်ဆုံးပေါ့။ရွှေစက်တော်မှာ လည်ပတ်စရာကုန်အောင် လည်ပတ်မယ်ဆို ၂ ရက်လောက် ကြာမည်ထင်ပါသည်။
ရွှေစက်တော် တဲကျောင်းများ
မန်းရွှေစက်တော်ဘုရားပွဲ

ကျွန်တော်သွားရောက်လည်ပတ်ခဲ့‌သော နေရာများကတော့-
(က) အောက်စက်တော်ရာ
(ခ ) တောင်းပန်ရ နှင့် တောင်းပန်ဦး ဘုရား
(ဂ ) ကိုးခန်းကြီးဘုရား
(ဃ) အထက်စက်တော်ရာ
(င ) သစ္စဗန္ဓမထေရ်၏ ဓာတ်တော်စေတီ
(စ ) မုဆိုးတောင်စေတီ တို့ပဲဖြစ်ပါသည်။

ကိုးခန်းကြီးဘုရား
အထက်စက်တော်ရာ စေတီ
အထက်စက်တော်ရာ ခြေတော်ရာပွား
ကျောင်းတော်ရာ အထိမ်းအမှတ်စေတီ


ဆုတောင်းပြည့် ဒုတိယစေတီ
ရဟနာ ဓါတ်တော်စေတီ
ရဟနာ  အောင်မြေ
အောက်စက်တော်ရာ
ဆက်လက်ဖော်ပြပါမည်-       

No comments:

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts