Sunday, August 23, 2020

စူးစမ်းလေ့လာ သွားချင်စရာ (၈) ကျောက်သားနံရံမှ ဗုဒ္ဓရုပ်ပွားတော်များ


စူးစမ်းလေ့လာ သွားချင်စရာ (၈) ကျောက်သားနံရံမှ ဗုဒ္ဓရုပ်ပွားတော်များ
ပဲခူးတိုင်း နှင့် ဧရာ၀တီတိုင်း နယ်စပ်မှအကောက်တောင်

      ၂၀၁၉ ခုနှစ် မိသားစု ခရီးထွက်လည်ပတ်ခဲ့တဲ့ထဲက ပြည်မြို့အကောက်တောင်  အကြောင်းကို မျှဝေ ပေးချင်ပါသည်။ ပြည်မြို့၊ ဧရာ၀တီမြစ် အနောက်ဘက်ကမ်းက အကောက်တောင်နံရံတွင် ထွင်းထု ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များ၊ တောင်ပေါ်ရှိ သမိုင်းဝင် ရွှေမြင်းတင်စေတီ နှင့် အခြားစေတီများကို သွားရောက်ဖူးမျှော် လေ့လာခဲ့ပါသည်။ တကယ်တော့ အကောက်တောင်သည် ပြည်မြို့နယ်ထဲမှာ ရှိတာမဟုတ်ပဲ ကြံခင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲမှာရှိတာပါ။ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ပြည်မြို့ ကနေ သွားကြတာဖြစ်ပါသည်။ ရှေးမြန်မာဘုရင်များ လက်ထက် အကောက်ဆိပ်ဖွင့်လှစ်ခဲ့တာကြောင့် အကောက်တောင် ဟုအမည်တွင်ခဲ့တယ်လို့လည်းဆိုပါတယ်။
  ဧရာ၀တီတိုင်းနှင့် ပဲခူးတိုင်း နယ်စပ် ချောင်း နှင့်တံတား
  ဧရာ၀တီတိုင်းနှင့် ပဲခူးတိုင်း နယ်စပ် ချောင်း နှင့်တံတား
မင်းတုန်းမင်းလက်ထက် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အကောက်ဆိပ်ဖွင့်လှစ်ခဲ့တယ်လို့တော့ စာတွေမှာ ရေးကြပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီခေတ်ထက်စောမယ်လို့ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မင်းတုန်းမင်း၊ ကုန်းဘောင်ခေတ်နှောင်းသည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ် ပြီးနောက် ဖြစ်လို့ပါ။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပြီး နယ်ခြားဟာ ပြည်အထက် သရက်မြို့ကို သတ်မှတ်ခဲ့တဲ့အတွက် မင်းတုန်းမင်းဟာ အင်္ဂလိပ်ပိုင်နက်ထဲမှာ အကောက်ဆိပ်လာရောက် ဖွင့်လှစ်နိုင်ခြင်းမရှိသော ကြောင့် ဖြစ်ပါသည်။ ရုပ်ပွားတော်များ လက်ရာဟာ ကုန်းဘောင်ခေတ် နှင့် အင်း၀ ခေတ်လက်ရာများဖြစ်တဲ့အတွက် အေဒီ ၁၇ ရာစု လောက်လို့ခန့်မှန်းကြတာ လည်းရှိပါသည်။

 ဧရာ၀တီမြစ် အတိုင်း ကုန်ကူးသန်းရောင်ဝယ်ရေးအတွက် ခရီးသွားရင် တစ်ထောက်နားစဉ် မတ်စောက်သော ကျောက်သားနံရံတွင် ဗုဒ္ဓရုပ်ပွားတော်များထွင်းထု ပူဇော်ခဲ့ကြတာဖြစ်ပါတယ်။ ယခင်က  ဗုဒ္ဓရုပ်ပွားတော် တစ်ထောင်ခန့်ရှိသော်လည်း ယခုအခါ ထိုင်တော်မူဆင်းတု ၂၄၆ ဆူ၊ ရပ်တော်မူဆင်းတု ၁ဝ၉ ဆူနှင့် လျောင်းတော်မူဆင်းတု ၁၅ ဆူခန့်သာရှိတော့ပြီး စုစုပေါင်း ဗုဒ္ဓဆင်းတုတော်ပေါင်း ၃၇ဝ သာ ကျန်ရှိပါတော့တယ်။ အကောက်တောင်ပေါ်တွင် ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းတင်စေတီကိုလည်း ဖူးမျော်နိုင်ပါသည်။ ဘုရားသမိုင်းမှာတော့ ညီအကို သုံးပါး တည်ထားသော စေတီ သုံးဆူ ရှိသော်လည်း ကျန်နှစ်ဆူမှာ မသမာသူများ ဌာပနာ ဖောက်ဖျက်ဆီးခဲ့ကြသဖြင့် ရွှေမြင်းတင်စေတီသာ ကျန်ရှိတော့ကြောင်း ရေးသားထားပါသည်။


ကျွန်တော်၏ဆောင်းပါးအားလုံးရဲ့ ပင်တိုင် မော်ဒယ် များပါ
ဗုဒ္ဓတစ်ထောင် အကောက်တောင်ဘုရားမှ လှိုက်လဲစွာ ကြိုဆိုပါသည်။

  ထူးခြားချက်မှာ ဗုဒ္ဓဆင်းတုတော် များကို မင်းဧကရာဇ်များက လှူဒါန်းခဲ့တာမျိုးမဟုတ်ပဲ သာမန်ပြည်သူများ၊ ပန်းပုပညာရှင်များ က ဧရာ၀တီမြစ်ကို စုန်ဆန်ရင်း ထွင်းထုထားခြင်းဖြစ်ပါသည်။
ရွှေမြင်းတင်စေတီ

သာသနာပြုအဖွဲ့ချုပ်

ဆုတောင်းပြည့် ဝန်ချစေတီတော်

မဟာ အနန သဗသိဒိ စေတီတော်မြတ်ကြီး

 ဘယ်လိုသွားမလဲ
            အကောက်တောင်ကို သွားမယ်ဆို ပြည် န၀ဒေး တံတားကို ဖြတ်ပြီး ပန်းတောင်း-တောင်ကုတ် လမ်းအတိုင်း ဥသျစ်ပင် လမ်းဆုံရောက်ရင် ပုသိမ်-မုံရွာလမ်းအတိုင်း  ဘယ်ဘက်ကို ချိုးရမှာပါ။ ပုသိမ်-မုံရွာလမ်းက နေ ထုံးဘိုကို ၁ မိုင် ၄ ဖာလုံ ထပ်ဝင်ရပါတယ်။ ပြည်ကနေ ထုံးဘိုကို 69 km ခန့်ရှိပြီး တစ်နာရီ ခွဲလောက်သွားရပါတယ်။ ထုံးဘိုဆိုတာ အာဇာနည်ခေါင်းဆောင် သခင်မြ ရဲ့ ဇာတိလည်းဖြစ်ပါတယ်။
ပုသိမ်-မုံရွာလမ်း မှ အကောက်တောင် ၊ထုံးဘို ဘက်ကို ချိုးရမှာပါ။
             ထုံးဘိုလှေဆိပ်ကနေ ဘုရားဖူး လှေများကို စီးပြီး အကောက်တောင် နံရံက ဗုဒ္ဓရုပ်ပွားတော် တွေကို အနီးကပ်ဖူးမျှော်နိုင်ပါသည်။ အသွားအပြန်ကို တစ်ယောက်တစ်ထောင်ကျသင့်ပါသည်။ စီးလုံးငှားမယ်ဆို ၁၅၀၀၀ ကျပ်ပါ။ 
ထုံးဘို လှေဆိပ်
ထုံးဘို လှေဆိပ်


အခုအချိန်ဆို ကြံခင်းကနေ ကားနှင့် တောင်ပေါ်ဘုရားထိ သွားရောက်ဖူးမျှော်နိုင်ပါပြီ။ ဒါပေမယ့် ဧရာ၀တီမြစ်အတွင်း လှေစီးပြီး ရှေးဟောင်း ရုပ်ပွားတော်များစွားကို ဖူးရတာလည်း တစ်မျိုး အရသာရှိပါတယ်။ နောက်ပြီး ဧရာ၀တီမြစ်ရဲ့ ရှုခင်းကိုလည်း ခံစားနိုင်ပါသေးတယ်။ ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ပြီးသွားလျှင်လည်း ရန်ကုန်-ပုသိမ်-မုံရွာ လမ်းမှတဆင့် သွားမယ်ဆို အဆင်ပြေပါတယ်။
ဧရာ၀တီမြစ် ရှုခင်း
အကောက်တောင်ပေါ်၊ ရွှေမြင်းတင်စေတီ အနီရှိ ဓမရုံမှာလည်း ခရီးသွားအားလုံးကို သီလပေး၊ သက်သတ်လွတ်ဖြင့်း ဧည့်ခံကျွေးမွေးတာကိုလည်း ကြုံခဲ့ရပါသေးတယ်။

ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။
အောင်သူ(စူးစမ်းလေ့လာ သွားချင်စရာ)
အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
https://attractiveforexpeditionarytrips.blogspot.com/
https://www.newautumntours.com

မှီငြမ်းကိုးကား-
https://myanmar.mmtimes.com/national-news/national-news-brief/24926-2017-02-27-12-11-56.html

No comments:

Email Subscriptions

Enter your email address:

Delivered by FeedBurner

Popular Posts